လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သောအဖွဲအစည်းများနှင့်ပူးပေါင်း၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်တွင်မြို့နယ်(၂၇)မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မြို့နယ်(၁၀)မြို့နယ် တိုးချဲ့ခဲ့ပါသည်။ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းလမ်းညွှန် ကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။

လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဆိုသည်မှာရပ်ရွာအတွင်းလူမှုရေးဆိုင်ရာ ပြဿနာများဖြေရှင်းရာတွင် စနစ်တကျလေ့ကျင့်ပေးထားသောလူမှုဝန်ထမ်းသမားများ၏ အကူအညီဖြင့် ရပ်ရွာအတွင်းရှိအရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကိုအသုံးပြု၍ စီမံခန့်ခွဲသော ဖြစ်စဉ် ဖြစ်ပါသည်။ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အားကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီးနောက်ပိုင်းတွင် အခြားသောလူမှုရေးဦးတည် အုပ်စုများအတွက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်အားလူမှုဝန်ထမ်းဦးစီးဌာနကလေ့ကျင့်ပေးထားသော ဖြစ်ရပ်စီမံခန့်ခွဲသူများကဦးဆောင်ပြီးမိတ်ဖက်အဖွဲ့အစည်းများမှ ဖြစ်ရပ်စီမံခန့်ခွဲသူများ နှင့်ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကိုရပ်ရွာအတွင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လက်ရှိတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ(၁၁၀)ဉီးရှိ၍ ၂၀၁၅ခုနှစ်မှ ၂၀၁၈ ခုနှစ် မတ်လအထိကလေးသူငယ်ဖြစ်ရပ်ပေါင်း(၂၃၂၈)ကိုကိုင်တွယ်ဆောင်ရွက်ခဲ့ပါသည်။ ကလေးသူငယ်ဖြစ်ရပ်များသည် နေရာဒေသတိုင်းတွင် ဖြစ်ပေါ်နိုင်သဖြင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများကိုထပ်မံမွေးထုတ်ခြင်းနှင့် လူမှုဝန်ထမ်းအတတ်သိပ္ပံကျောင်းတွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ် ရက်တိုသင်တန်းများကိုထည့်သွင်းပို့ချပေးလျက်ရှိပါသည်။

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အားအကောင်အထည်ဖော်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ UNIECF, Save the Children နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ရတနာ့မေတ္တာ၊ KMSS, မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိပါသည်။

လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အားအကောင်အထည်ဖော်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲသူများ၊ တရားဥပဒေနှင့်ဆက်နွယ်သည့် ကလေးသူငယ်များ၊ ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုခံရသောကလေးများ၊ ပျောက်ဆုံးကလေးများ၊ လူကုန်ကူးခံခဲ့ရသောကလေးများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်နေရသူကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသောကလေးများ၊ သင်တန်းကျောင်းများရှိကလေးများနှင့် မိသားစုနှင့် ကွဲကွာနေသောအဖော်မပါသည့် ကလေးများအားမိသားစုပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုအခါအဆိုပါ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုဖြစ်စဉ်တွင် ကလေးသူငယ်ကိစ္စရပ်များသာမက ကျားမအခြေပြုအကြမ်းဖက်ခြင်းကိုတိုးချဲ့ကိုင်တွယ် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်သဖြင့် လုပ်ငန်းလမ်းညွှန်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။